ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

တရားမဲ့ပြုကျင့်မှုများ


၁။

အောက်ပါတို့သည် တရားမဲ့ပြုကျင့်မှုများဖြစ်သည် -

  (က)

နိုင်ငံရေးပါတီကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ယင်းတို့တစ်ဦးဦး၏ သဘောတူညီချက်ဖြင့် အခြားသူတစ်ဦးဦးကဖြစ်စေ -

    (၁)

လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်း၊

    (၂)

ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို အနှောင့်အယှက်ပြုလုပ်ခြင်း၊

    (၃)

သူတစ်ပါးအယောင်ဆောင်ခြင်း၊

    (၄)

မဟုတ်မမှန်ပြောဆိုကြေညာခြင်း၊

    (၅)

မဟုတ်မမှန်ဝန်ခံလက်မှတ်ရေးထိုးခြင်း။

  (ခ) မဲဆန္ဒနယ်တစ်နယ်အတွင်း ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်း သို့မဟုတ် ရွေးကောက်ပွဲများကို တစ်ချိန်တည်းကျင်းပစဉ် တစ်နယ်ထက်ပိုသော မဲဆန္ဒနယ်များအတွက် ဆန္ဒမဲပေးခြင်း၊
  (ဂ) လွှတ်တော်ကိုယ်စားလှယ်ကသော်လည်းကောင်း၊ ယင်း၏ရွေးကောက်ပွဲကိုယ်စားလှယ်ကသော်လည်းကောင်း ရွေးကောက်ပွဲဆိုင်ရာကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီညွတ်သော အသုံးစရိတ်များ ကျခံသုံးစွဲခြင်း သို့မဟုတ် ယင်းသို့ ကျခံသုံးစွဲရန် သဘောတူညီခြင်း၊
  (ဃ) ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်း၊
  (င) နိုင်ငံရေးပါတီ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ရွေးကောက်ပွဲကိုယ်စားလှယ်၏ တိုက်တွန်းချက်ဖြင့်သော်လည်းကောင်း၊ သဘောတူညီချက်ဖြင့်သော်လည်းကောင်း -
    (၁) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ရန် သို့မဟုတ် မပါဝင်ဘဲနေရန် သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ကျေးဇူးတုံ့ပြန်ချက်ဖြင့်ဖြစ်စေ တစ်ဦးတစ်ယောက်သောသူက လာဘ်လာဘလက်ခံခြင်း သို့မဟုတ် လာဘ်လာဘ လက်ခံရန် သဘောတူခြင်း၊
    (၂)

ဆန္ဒမဲပေးရန် သို့မဟုတ် ဆန္ဒမဲမပေးဘဲနေရန် မဲဆန္ဒရှင်တစ်ဦးဦးကို သွေးဆောင်ရန်ဖြစ်စေ၊ သွေးဆောင်လိုသဖြင့် အားထုတ်ရန်ဖြစ်စေ တစ်ဦးတစ်ယောက်သောသူက မိမိအတွက် သို့မဟုတ် သူတစ်ပါးအတွက် လာဘ်လာဘလက်ခံရန် သဘောတူခြင်း။

  (စ)

မမှန်မကန်ပြုလုပ်ထားသော ရွေးကောက်ပွဲဆိုင်ရာကုန်ကျစရိတ်ငွေစာရင်းကို တင်ပြခြင်း သို့မဟုတ် ထိုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာကုန်ကျစရိတ်ငွေစာရင်းကို မှန်ကန်သည်ဟု ဝန်ခံခြင်း သို့မဟုတ် သတ်မှတ်ထားသည့်အတိုင်း တင်သွင်း ရန်ပျက်ကွက်ခြင်း၊

  (ဆ)

လွှတ်တော်ကိုယ်စားလှယ်လောင်းမဟုတ်သော သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်မဟုတ်သော အခြားသူတစ်ဦးဦးက ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရစေရန်ဖြစ်စေ၊  ရွေးကောက်တင်မြှောက်ခံရရေးအတွက် အားပေးလိုသောကြောင့်ဖြစ်စေ အစည်းအဝေးကျင်းပ၍သော်လည်းကောင်း၊ စာရွက်စာတမ်းများ ဝေငှ၍သော်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့်သော်လည်းကောင်း ငွေအကုန်အကျခံခြင်း သို့မဟုတ် ကုန်ကျရန်ခွင့်ပြုခြင်း၊

  (ဇ)

ပုံနှိပ်သူ၊ ထုတ်ဝေသူတို့၏ အမည်နေရပ်မပါရှိသော ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ကြော်ငြာ၊ စာရွက်စာတမ်း၊ ပိုစတာ စသည်တို့ကို ဖြန့်ချိ ထုတ်ဝေခြင်း၊

  (စျ)

လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ရွေးကောက်ပွဲကိုယ်စားလှယ်၏ တိုက်တွန်းချက်ဖြင့်သော်လည်းကောင်း၊ သဘောတူညီချက်ဖြင့်သော် လည်းကောင်း မဲဆန္ဒရှင်က ဆန္ဒမဲပေးချိန်တွင် ယင်း၏ဆန္ဒမဲလက်မှတ်ကို သို့မဟုတ် အီလက်ထရောနစ်မဲပေးစက်ကို တစ်နည်းနည်းဖြင့် ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် မဲရုံမှအခြားနေရာသို့ ယူဆောင်သွားခြင်း၊

  (ည)

လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ယင်းတို့တစ်ဦးဦး၏ သဘောတူညီချက်အရ အခြားသူတစ်ဦးကဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်တင်မြှောက်ခံရရေးအတွက် အကူအညီကို ဝန်ထမ်းတစ်ဦးဦးထံမှရယူခြင်း၊ ရယူရန်အားပေး ကူညီခြင်း သို့မဟုတ် ရယူရန်အားထုတ်ခြင်း၊

  (ဋ)

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်တင်မြှောက်ခံရရေးအတွက် ဘာသာရေးအထိမ်းအမှတ်များကို ရွေးကောက်ပွဲတွင် အသုံးပြုခြင်း သို့မဟုတ် လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြုမဲပေးကြရန် သို့မဟုတ်  မဲမပေးဘဲနေကြရန် အစီအစဉ်ပြုလျက် လှုံ့ဆော်ခြင်း၊

  (ဌ)

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်တင်မြှောက်ခံရရေးအတွက် ပါတီတစ်ခုခုကိုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ အကြမ်းဖက်ခြင်း၊ မမှန်မကန်စွပ်စွဲခြင်း၊ ရေးသားခြင်း၊ အများပြည်သူဆူပူမှုဖြစ်အောင် ဖန်တီးခြင်း။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆) 


ရှေ့သို့