ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ပရောက်မဲဆန္ဒရှင်များ


( သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ )

ရွေးကောက်ပွဲ ကျင်းပသည့် အချိန်၌ နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ သံရုံးအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပညာတော်သင်များနှင့် အိမ်ထောင်စုဝင် များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များ။

ကြိုတင်ဆန္ဒမဲပေးခြင်း

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူ များအနက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ အတွက် ကြိုတင် ဆန္ဒမဲလက်မှတ်များကို ကော်မရှင်သို့ ပေးပို့ရမည်။ [နည်းဥပဒေ ၅၈(က)(၂)]

ကော်မရှင်သည် လက်ခံရရှိသော ကြိုတင် ဆန္ဒမဲ လက်မှတ်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ရမည်။ နိုင်ငံခြားရေးဝန် ကြီးဌာနသည် ယင်းကြိုတင် ဆန္ဒမဲ လက်မှတ်များကို သက်ဆိုင်ရာသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး နှင့် ကောင်စစ်ဝန်ရုံး အသီးသီးသို့ ပေးပို့ရမည်။ [နည်းဥပဒေ ၅၈ (ခ)]

ကြိုတင် ဆန္ဒမဲ လက်မှတ်များကို ပေးပို့သည့်အခါ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသည် ကြိုတင် ဆန္ဒမဲ လက်မှတ်များ၏ လက်ခံ ဖြတ်ပိုင်းပေါ်တွင် လည်းကောင်း၊ ကြိုတင်ဆန္ဒမဲ လက်မှတ်၏ ကျောဘက်တွင် လည်းကောင်း မိမိကော်မရှင် အဖွဲ့ခွဲ၏ တံဆိပ်ကို ရိုက်နှိပ်ပေးရမည်။ ထို့ပြင် ကြိုတင်ဆန္ဒမဲ လက်မှတ်၏ ကျောဘက်တွင် ကြိုတင် ဆန္ဒမဲလက်မှတ်ကို တာဝန်ခံ ထုတ်ပေးသူက လက်မှတ်ရေးထိုး ရမည်။ ယင်းသို့ ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ပေးပို့သည့်အခါ ယင်းမဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို လည်းကောင်း၊ သက်ဆိုင်ရာ မဲဆန္ဒနယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အမည်နှင့် မဲရုံအမှတ်များ ဖော်ပြထားသည့် စာအိတ်များ ကိုလည်းကောင်း၊ ကြိုတင် ဆန္ဒမဲ လက်မှတ်အရေအတွက် ရှိသရွေ့ တစ်ပါတည်း ပေးပို့ရမည်။ [နည်းဥပဒေ ၅၈ (ဂ)]

ကြိုတင် ဆန္ဒမဲ လက်မှတ်များနှင့် စာအိတ်များကို လက်ခံ ရရှိသောအခါ သက်ဆိုင်ရာ သံရုံးအကြီး အမှူး သို့မဟုတ် အမြဲတမ်း ကိုယ်စားလှယ်ရုံး အကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးသည် မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိကိုယ်စား တာဝန်လွှဲအပ်ထားသည့် ဝန်ထမ်းကဖြစ်စေ၊ သက်ဆိုင်ရာ မဲဆန္ဒရှင်များအား ယင်းတို့၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဖြစ်သည့် ဆန္ဒမဲ ပေးလိုက ပေးနိုင်ကြောင်းနှင့် ဆန္ဒမဲ မပေးလိုက ဆန္ဒမဲ ပေးခြင်းမပြုဘဲ နေနိုင်ကြောင်းကို ရှင်းပြပြီးမှ ဆန္ဒမဲ ပေးလိုသူများ အတွက်ကိုသာ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက် များနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးရမည်။ [နည်းဥပဒေ ၅၉ (က)(ခ)]

သံရုံး သို့မဟုတ် အမြဲတမ်း ကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ လာရောက်နိုင်သမျှ သော ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများကို စုရုံးပြီး ကြိုတင်ဆန္ဒမဲ ပေးရန် နေရာ ကို သတ်မှတ်ပေးရမည်။ [နည်းဥပဒေ ၆၁ (က)]

သံရုံး သို့မဟုတ် အမြဲတမ်း ကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးတွင် စုရုံးရောက်ရှိလာ သော အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသည့် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ဖြန့်ဖြူးကာ ဆန္ဒမဲလက်မှတ်များ၌ ယင်းတို့ ဆန္ဒပြုလိုသည့် အတိုင်း ရေးသွင်းစေရမည်။ ယင်းသို့ ရေးသွင်းပြီးနောက် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို သက်ဆိုင်ရာ စာအိတ်အသီးသီး၌ ထည့်သွင်း၍ လုံခြုံစွာ ပိတ်စေပြီး ယင်းစာအိတ်များကို စုစည်းရမည်။ [နည်းဥပဒေ ၆၁ (ခ)]

သက်ဆိုင်ရာ သံရုံးအကြီးအမှူး သို့မဟုတ် အမြဲတမ်း ကိုယ်စားလှယ်ရုံး အကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးသည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ များထံမှ ကြိုတင် ဆန္ဒမဲလက်မှတ်များ ပါဝင်သည့် စာအိတ်အသီးသီးကို လက်ခံရရှိပြီးနောက် ယင်းစာအိတ်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ရမည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယင်းစာအိတ်များကို ကော်မရှင်သို့ ပေးပို့ရမည်။[နည်းဥပဒေ ၆၂ (ခ)]

ကော်မရှင်သည် စာအိတ်များပါ မဲဆန္ဒနယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အမည်နှင့် မဲရုံ အမှတ်များကို စိစစ်၍ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရမည်။ [နည်းဥပဒေ ၆၂ (ဂ)]

ပြည်ပမဲဆန္ဒရှင်စာရင်းပြုစုခြင်း

ကော်မရှင်သည် ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက် သို့မဟုတ် နေ့ရက်များကို ကြေညာပြီးလျှင် ပြီးချင်း အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေ သူများအနက် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများထံသို့ ဖြန့်ဖြူးနိုင်ရန် ပုံစံ(၁၅)ကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ရမည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယင်းပုံစံ များကို သက်ဆိုင်ရာ သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံး အသီးသီးသို့ ပေးပို့ရမည်။ သက်ဆိုင်ရာ သံရုံးအကြီးအမှူး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး အကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးသည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ အနက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ထံသို့ ယင်းပုံစံများကို ဖြန့်ဖြူးသည့် အခါ မိမိထံသို့ မည်သည့် နေ့ရက်အရောက် ဖြည့်စွက် ပေးပို့ရမည် ဖြစ်ကြောင်းကိုပါ တစ်ပါတည်း အကြောင်းကြားရမည်။ [နည်းဥပဒေ ၅၇ (က)]

အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ အနက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများသည် လက်ခံရရှိသော ပုံစံများတွင် ဖြည့်သွင်း၍ သက်ဆိုင်ရာ သံရုံးအကြီးအမှူး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး အကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးထံသို့ ပြန်လည်ပေးပို့ရမည်။ သက်ဆိုင်ရာ သံရုံးအကြီးအမှူး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး အကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးသည် ယင်းပုံစံများကို စိစစ်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ ရမည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယင်းသို့ ပြန်လည်ပေးပို့သည့် ပုံစံများကို ကော်မရှင်သို့ လွှဲအပ်ရမည်။ ကော်မရှင်သည် ယင်းပုံစံများကို စိစစ်၍ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ ထံသို့ ပေးပို့ရမည်။ [နည်းဥပေဒ ၅၇(ခ)]

မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသည် လက်ခံရရှိသော ပုံစံများကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ ဆက်လက် ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသည် ယင်းပုံစံများကို စိစစ်၍ နိုင်ငံပြင်ပရောက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ စာရင်းကို ပုံစံ(၁-၃) ဖြင့် သီးခြား ရေးမှတ်ထားရမည်။ ယင်းစာရင်း မိတ္တူနှစ်စောင်ကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရမည်။[နည်းဥပဒေ ၅၇ (ဂ)]


ရှေ့သို့