ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအားဖျက်သိမ်းခြင်း


10 June 2019 : 05:14:09

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၈၆ / ၂၀၁၉ )

၁၃၈၁ ခုနှစ် ၊ နယုန်လဆန်း  ၅  ရက်

( ၂၀၁၉  ခုနှစ် ၊ ဇွန်လ  ၇  ရက် )

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း

၁။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) [UNITY AND DEMOCRACY PARTY OF KACHIN STATE (UDPKS)] ကို မှတ်ပုံတင်အမှတ် (၄၀) ဖြင့် ၂-၈-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၈၃/၂၀၁၀) ဖြင့် လည်းကောင်း၊  ကချင်ပြည်နယ်ဒီမိုကရေစီပါတီကို   မှတ်ပုံတင်အမှတ် (၆၇)  ဖြင့်  ၁၀-၁၂-၂၀၁၃  ရက်စွဲပါ ကြေညာချက်အမှတ် (၃၆/၂၀၁၃) ဖြင့်လည်းကောင်း၊ ကချင်ဒီမိုကရက်တစ်ပါတီကို မှတ်ပုံတင်အမှတ် (၇၂) ဖြင့် ၁၃-၁-၂၀၁၄ ရက်စွဲပါ ကြေညာချက်အမှတ် (၃/၂၀၁၄) ဖြင့် လည်းကောင်း  နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။

၂။     စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) [UNITY AND DEMOCRACY PARTY OF KACHIN STATE (UDPKS)]၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် ကချင်ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းပြီး ပါတီလုပ်ငန်းများ ဆောင်ရွက်လိုပါသဖြင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People’s Party(KSPP)] အဖြစ် မှတ်ပုံတင်ခွင့်ပြုပါရန် လျှောက်ထားခဲ့ရာ ကော်မရှင်က လိုအပ်သလို စိစစ်ပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီ [Kachin State People’s Party(KSPP)]ကို မှတ်ပုံတင်အမှတ် (၁၁၅)ဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၇ ရက်စွဲပါ ကြေညာချက်အမှတ်(၈၅/၂၀၁၉)ဖြင့် မှတ်ပုံတင်ခွင့်ပြုပါသည်။ ထိုသို့ မှတ်ပုံတင် ခွင့်ပြုခဲ့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၂၅ အရ စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) [UNITY AND DEMOCRACY PARTY OF KACHIN STATE (UDPKS)]၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် ကချင်ဒီမိုကရက်တစ်ပါတီတို့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီများကို ဖျက်သိမ်းရမည် ဖြစ်ပါသည်။ ထိုသို့ ဖျက်သိမ်းလိုက်သော ပါတီများ၏ ပါတီတစ်ခုချင်းစီပိုင် ပါတီပိုင်ပစ္စည်းများအားလုံးကို  ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People’s Party (KSPP)] ပိုင်ပစ္စည်းများအဖြစ် စာရင်းပြောင်း လက်ခံရယူဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

၃။     သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားသည့် စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) [UNITY AND DEMOCRACY PARTY OF KACHIN STATE (UDPKS)]၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် ကချင်ဒီမိုကရက်တစ်ပါတီတို့ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းအား ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်။

 

 

 ( လှသိန်း ) 

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့