စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
၁။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ)၊ (ဂ)၊ (စ) တို့ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပြီးဖြစ်ပါသည်။
၂။ သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်အသီးသီးတွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားသည့်အတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၊ နည်းဥပဒေ ၃၆၊ နည်းဥပဒေခွဲ (ဂ)၊ (ဃ) တို့နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းမှ ပယ်ဖျက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားပြီး ဖြစ်ပါသည်။
၃။ ယခုကာလသည် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် ၁၉ ရက် ခန့်သာ ကျန်ရှိတော့ပြီး ပြန်ကြားရေးဝန်ကြီးဌာနတွင် မှာယူရိုက်နှိပ်ထားသည့် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိသည့် ကာလလည်းဖြစ်ပါသည်။
၄။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများကို လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ပြီးဖြစ်ပါသဖြင့် ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများအမည် မပါဝင်သည့်ဆန္ဒမဲလက်မှတ်များကို ပြန်ကြားရေးဝန်ကြီးဌာနသို့အပ်နှံ၍ ပြန်လည်ရိုက်နှိပ်ရန်နှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ ဖြန့်ဝေရန် အချိန်မီဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ထို့အပြင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က လက်ရှိဆန္ဒမဲလက်မှတ်များတွင် ရိုက်နှိပ်ဖော်ပြထားသည့် ယင်းပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်၊ ပါတီတံဆိပ်နှင့် ဆန္ဒပြုရန်နေရာတွင် မင်နီဖြင့် ကန့်လန့်ဖြတ်မျဉ်းသား၍ ပယ်ဖျက်စေရေး ဆောင်ရွက်မည်ဆိုပါကလည်း အချိန်လုံလောက်မှုမရှိသဖြင့် လက်ရှိဆန္ဒမဲလက်မှတ်များတွင်ပါရှိသည့် ယင်းပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်ကို ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ပြင်ဆင်ခြင်း/ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်မည် မဟုတ်ပါ။
၅။ သို့ဖြစ်ပါ၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးသည့်အခါတွင်လည်းကောင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ ဆန္ဒမဲပေးသည့်အခါတွင်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ပြီးဖြစ်သော ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒပြုနိုင်မည်မဟုတ်ပါကြောင်းနှင့် ဆန္ဒပြုမည်ဆိုပါက ပယ်မဲအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
၆။ အသိပေး နှိုးဆော်ချက်ကိုလည်း ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တွင်လည်းကောင်း၊ မဲရုံများတွင်လည်းကောင်း ကပ်ထားကြေညာသွားမည်ဖြစ်ပါကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ဆန္ဒပြုလိုက်သော မဲလက်မှတ်များ ပယ်မဲမဖြစ်စေရေး ဂရုပြုဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်