ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကျင်းပ


06 November 2021 : 11:38:25
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၅

၁။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများပါဝင်သော ရွေးကောက်ပွဲစနစ်ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ယနေ့နံနက် ( ၉ ) နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှစိုး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးဥပဒေချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြပါသည်။

၂။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင်  ပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးများမှာ မြန်မာနိုင်ငံနှင့်သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးရန်အတွက် ပါတီအများစုကဆွေးနွေးခဲ့ကြကြောင်း၊ နိုင်ငံ‌ရေးပါတီ (၁၆) ပါတီကလည်း PR စနစ်နဲ့စပ်လျဉ်းသည့် စာတမ်းများပေးပို့ခဲ့ပြီး မေလထဲမှာ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲဆုံးဖြတ်ချက်အတိုင်း ယခုရွေးကောက်ပွဲစနစ်နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် လာမည့်ရွေးကောက်ပွဲအတွက် ပြောင်းလဲလာသည့်ခေတ်ကာလအခြေအနေအရ ကျင့်သုံးဆောင်ရွက်သင့်သော ရွေးကောက်ပွဲစနစ်များကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူများက  စာတမ်းများကို ဖတ်ကြားဆွေးနွေးသွားမှာ ဖြစ်ပါကြောင်း။

၃။      ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် အမျိုးမျိုးသော နိုင်ငံရေးဆိုင်ရာ ရွေးကောက်ပွဲစနစ်များနှင့် တူညီမှုမရှိသော မဲပေးပုံစနစ်များကို တွေ့ရမှာဖြစ်ပြီး ထိုသို့သော စနစ်များကို ကျင့်သုံးကြရာမှာ အခြေခံအနေနဲ့ (၂) မျိုး တွေ့ရပါကြောင်း၊ ယင်းတို့မှာ မဲများသူအနိုင်ရသည့်စနစ် FPTP နှင့် အချိုးကျ ကိုယ်စားပြုစနစ် PR တို့ဖြစ်ကြောင်း။

၄။    ကျွန်တော်တို့ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ၁၉၄၈ ခုနှစ် မှ ၁၉၆၂ ခုနှစ်အတွင်း ကျင်းပခဲ့သည့်ပါလီမန်အထွေထွေရွေးကောက်ပွဲများ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၇၄ ခုနှစ် မှ ၁၉၈၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့်ရွေးကောက်ပွဲများ၊ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများမှာ မဲများသူ အနိုင်ရတဲ့စနစ် (FPTP) ကိုသာ ကျင့်သုံးခဲ့ပြီး နိုင်သူအကုန်ယူသည့် မဲပေးသော စနစ်နှင့်အတူ ကြီးပြင်းလာခဲ့သူများဖြစ်သည့်အလျောက် ဤစနစ်ကိုပင် ဒီမိုကရေစီနိုင်ငံအများအပြားက ကျင့်သုံးသည်ဟု မှတ်ယူခဲ့ကြပါကြောင်း၊ ပြောင်းလဲခဲ့သည့် ခေတ်ကာလအခြေအနေအရ ဒီမိုကရေစီနိုင်ငံ အများစုသည် မဲဆန္ဒနယ်တစ်နယ်တွင် ကိုယ်စားလှယ်တစ်ဦး ရွေးကောက်သည့် စနစ်မှာ ခေတ်နောက်ကျ၍ မျှတမှုမရှိသဖြင့် နိုင်ငံအများအပြားက ယင်းစနစ်ကို ငြင်းပယ်ခဲ့ကြပြီး အချိုးကျကိုယ်စားပြုစနစ်ကို အစားထိုးကျင့်သုံးနေသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ နိုင်သူအကုန်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရာတွင် ထောက်ခံဆန္ဒမဲ ၅၁ ရာခိုင်နှုန်း ရရှိသည့် ကိုယ်စားလှယ်လောင်းသည် အနိုင်ရရှိသဖြင့် ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုခြင်းအခွင့်အရေးကို ရရှိသွားပြီး ၄၉ ရာခိုင်နှုန်းရရှိသည့် အခြားကိုယ်စားလှယ်လောင်းသည် ကိုယ်စားပြုခွင့် လုံးဝရရှိခြင်းမရှိသဖြင့် ၄၉ ရာခိုင်နှုန်းသော မဲဆန္ဒရှင်များ၏ မဲများမှာ အဟောသိကံဖြစ်ခဲ့ရကြောင်း၊ အချိုးကျကိုယ်စားပြုခြင်း ဆိုသည့် သဘောတရားမှာ အများစုသည် ဆုံးဖြတ်ပိုင်ခွင့်ရှိသော်လည်း လူတိုင်း လူတိုင်းသည် ကိုယ်စားပြုခွင့်ရှိသည်ဆိုသည့် အချက်ပင်ဖြစ်ပါကြောင်း။

၅။      PR စနစ်သည် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာသတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်းအလိုက်ရရှိသည့် ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ရွေးကောက်ခံရသည့်ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးသည့်စနစ်လည်းဖြစ်ပါကြောင်း၊ ယင်းစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ ရွေးကောက်တင်မြှောက်ခံနိုင်ပါကြောင်း။

၆။      PR စနစ်၏ အားသာချက်များမှာ လူဦးရေအချိုးအစားအလိုက် ညီမျှသောကိုယ်စားလှယ် အရေအတွက်ရရှိခြင်း၊ ပါတီများအနေဖြင့် ရရှိသောဆန္ဒမဲအချိုးအစားအလိုက် ကိုယ်စားလှယ်အရေအတွက် သတ်မှတ်နိုင်ခြင်းကြောင့် ပါတီငယ်များ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် တစ်သီးပုဂ္ဂလများလည်း အခွင့်အရေးရကြောင်း၊ အခြေခံမဲအရေအတွက်အလိုက် ကိုယ်စားလှယ်နေရာရရှိနိုင်၍ တစ်ပါတီကြီးစိုးသောစနစ် အားနည်းသွားစေခြင်း၊ အဟောသိကံဖြစ်သော မဲများလျော့ပါးစေ၍  ပြည်သူများ၏ဆန္ဒနှင့် အနီးစပ်ဆုံးညီမျှမှုကို ပေးစွမ်းနိုင်သဖြင့် မဲပေးမှုနှုန်း အားကောင်းစေနိုင်ကြောင်း။

၇။      ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများမှာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရန်ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲနှစ်ကြိမ်ကျင်းပခဲ့ရာ လွှတ်တော်အတွင်း၌ အင်အားကြီးပါတီတစ်ခုကသာ အားသာပြီး အစိုးရဖွဲ့နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပါတီစုံဖြစ်လာခဲ့လျှင် လွှတ်တော်အတွင်း အဆုံးအဖြတ်ပေးရာ၌ ညှိနှိုင်းဆောင်ရွက်ရမှုများကြောင့် ပါတီအချင်းချင်း ထိန်းညှိနိုင်ခြင်းစသည့် အားသာချက်များရှိ လာမှာဖြစ်ကြောင်း။

၈။     ကျွန်တော်တို့ပြည်ထောင်စုမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ပြန့်နှံ့စွာနေထိုင်သည့် နိုင်ငံဖြစ်ပါကြောင်း၊ ယခုလို PR စနစ်ကို ပြောင်းလဲကျင့်သုံးလာပါက လူမျိုးစုငယ်များ အပါအဝင် တိုင်းရင်းသားများအနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးစသည့်ကဏ္ဍများမှာ အချိုးကျပါဝင်လာနိုင် မည်ဖြစ်၍ ပိုမိုပြီးမျှမျှတတ ရှိလာမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

၉။       အခမ်းအနားကို  ဆက်လက်ကျင်းပရာတွင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးသန်းစိုးက  အချိုးကျကိုယ်စားပြုစနစ်  ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက်  လွှတ်တော်သုံးရပ်လုံးတွင် မဲဆန္ဒနယ်ခွဲဝေခြင်းအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ရာ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီမှ ဦးဌေးကျော်က  ကော်မရှင်မှ ရှင်းလင်းတင်ပြချက်များသည် ပြီးပြည့်စုံသဖြင့်  ထပ်မံဆွေးနွေးရန်မရှိကြောင်းနှင့်  သဘောတူပါကြောင်း၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒေါက်တာမျိုးဆက်သွေးက ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး ရှင်းလင်းသည့် အချိုးကျကိုယ်စားပြုစနစ်တစ်ခု ဖြစ်သည့် Closed List နှင့် စတင်ဆောင်ရွက်ပြီး ရွေးကောက်ပွဲကာလသက်တမ်းနှစ်ခု ဖြတ်သန်းပြီးမှ Open List ကို သွားသင့်ပါကြောင်း၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်က PR စနစ်ပြောင်းလဲကျင့်သုံးခြင်းကို ကြိုဆို ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အာဏာသုံးရပ်ကို ဆောင်ရွက်နိုင်သည့် အတွက် ဥပဒေပြင်ဆင်ရေးများကို ရဲရဲဝင့်ဝင့် ဆောင်ရွက်စေလိုပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် PR စနစ်ကို ပြောင်းလဲသင့်ကြောင်းနှင့် PR စနစ်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆိုပြုချက်ကို ထောက်ခံကြောင်းနှင့် စာတမ်းရေးသားတင်ပြထားပါကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးလှသိန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရှင်းလင်းချက်နှင့် မိမိတို့ပါတီ အဆိုပြုတင်ပြချက်မှာ မဲဆန္ဒနယ်ခွဲဝေမှုတွင်သာ အနည်းငယ် ကွဲလွဲမှုရှိပါကြောင်းနှင့်  ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းအိုက်ပေါင်း က PR စနစ် ပြောင်းလဲကျင့်သုံးပါက မဲမသမာမှု လျော့နည်းသွားနိုင်ကြောင်းနှင့် တစ်နိုင်ငံလုံးကို မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း မပြုစေလိုကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဌာနမှ PR စနစ်နှင့်စပ်လျဉ်းသည့် ဆွေးနွေးချက်များနှင့် ပေါင်းစပ်ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

၁၀။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲစနစ်ဆွေးနွေးပွဲကို ၆-၁၁-၂၀၂၁ ရက်နေ့မှာ ဒုတိယနေ့အဖြစ် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ နိုင်ငံရေးပါတီ ( ၅၃ ) ပါတီမှ ကိုယ်စားလှယ် ( ၉၃ ) ဦး၊ စိတ်ပါဝင်စား၍ တက်ရောက်သူ အရပ်ဘက် ကိုယ်စားလှယ် ( ၂၀ ) ဦး စုစုပေါင်း ( ၁၁၃ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

                                                                                                                 သတင်းစဉ် 


ရှေ့သို့