ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကျန်းမာရေးစံသတ်မှတ်ချက်နှင့်အညီဆောင်ရွက်နိုင်ရေး သရုပ်ပြမဲရုံ ခင်းကျင်းပြသ


22 August 2020 : 10:01:57
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကျန်းမာရေးစံသတ်မှတ်ချက်နှင့်အညီဆောင်ရွက်နိုင်ရေး  သရုပ်ပြမဲရုံ ခင်းကျင်းပြသ

နေပြည်တော် သြဂုတ် ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက် (Standard Operating Procedure – SOP) နှင့်အညီ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ဆန္ဒမဲပေးခြင်းဆိုင်ရာလက်တွေ့သရုပ်ပြခြင်းကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည်။

အဆိုပါ သရုပ်ပြပွဲသို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက သရုပ်ပြမဲရုံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက် (Standard Operating Procedure – SOP)နှင့်အညီ မဲဆန္ဒရှင်များအား Mask တပ်ဆင်စေခြင်း၊ Mask မပါရှိသူများအား Mask ထုတ်ပေးခြင်း၊ Hand Gel ဖြင့် လက်သန့်စင်ခြင်း၊ မဲဆန္ဒရှင်များ သတ်မှတ် Social Distancing ( တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာ) နှင့်အညီ တန်းစီစေခြင်း၊ မဲရုံအဝင်တွင် မဲဆန္ဒရှင်တစ်ဦးချင်းအား အပူချိန်တိုင်းတာခြင်း၊ အပူချိန်မြင့်မားသည့်မဲဆန္ဒရှင်များအား သီးသန့်အစီအစဉ်ဖြင့် မဲပေးစေခြင်းစသည့်လုပ်ငန်းစဉ်တို့ကို ကော်မရှင်ရုံးမှ ဝန်ထမ်းများက သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

  သတင်းစဉ်


ရှေ့သို့