ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) [ဖျက်သိမ်းပြီး] ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း


17 October 2020 : 08:01:49

၁။          ညီညွတ်သောဒီမိုကရက်တစ်ပါတီ ( UDP ) သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ)၊ (ဂ)၊ (စ) တို့ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့်အညီ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်၍ ပါတီကိုလည်းဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပြီး ဖြစ်ပါသည်။

၂။       သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်အသီးသီးတွင် ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားပါသည်။

၃။          ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅၀/၂၀၂၀) ၏ ဆွေးနွေးဆုံးဖြတ်ချက်အရ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၊ နည်းဥပဒေ ၃၆၊ နည်းဥပဒေခွဲ (ဂ)၊ (ဃ) တို့နှင့်အညီ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်အသီးသီး၌ ယင်းပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်များကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းမှပယ်ဖျက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ အကြောင်းကြားထားပြီးဖြစ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့