ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပခြင်း မပြုနိုင်သည့်နယ်မြေများ ထုတ်ပြန်ကြေညာ


16 October 2020 : 09:34:51

နေပြည်တော်၊ အောက်တိုဘာလ  ၁၆  ရက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၆ ရက်စွဲဖြင့်  ကြေညာချက် (၆) စောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်အမှတ် (၁၉၂/၂၀၂၀) တွင် ကချင်ပြည်နယ်အတွင်းရှိ ခေါင်လန်ဖူးမြို့နယ်မှ ကျေးရွာအုပ်စု (၁) အုပ်စု၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ကျေးရွာအုပ်စု (၃၁) အုပ်စု၊ မချမ်းဘော မြို့နယ်မှ ကျေးရွာအုပ်စု (၁၅) အုပ်စု၊ မံစီမြို့နယ်မှ ကျေးရွာအုပ်စု (၂၂) အုပ်စု၊ မိုးမောက် မြို့နယ်မှ ကျေးရွာအုပ်စု (၂၁) အုပ်စု၊ ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စု (၉) အုပ်စု၊ ချီဖွေမြို့နယ်မှ ကျေးရွာအုပ်စု (၉) အုပ်စု၊ ဆော့လော်မြို့နယ်မှ ကျေးရွာအုပ်စု (၈) အုပ်စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စု (၂) အုပ်စု၊ ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု (၁၃) အုပ်စု နှင့် အင်ဂျန်းယန် မြို့နယ်မှ ကျေးရွာအုပ်စု (၆၁) အုပ်စုတို့ပါဝင်သည်။

ကြေညာချက်အမှတ် (၁၉၃/၂၀၂၀) တွင် ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့နယ်မှ ကျေးရွာအုပ်စု (၇) အုပ်စု၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု (၉) အုပ်စု၊ ဖာပွန်မြို့နယ်မှ ကျေးရွာအုပ်စု (၂၅) အုပ်စု၊ ဘားအံမြို့နယ်မှ ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စု ၊ သံတောင်ကြီး မြို့နယ်မှ ကျေးရွာအုပ်စု (၈) အုပ်စုနှင့် မြဝတီမြို့နယ်မှ ကျေးရွာအုပ်စု (၃) အုပ်စုတို့ ပါဝင်သည်။

ကြေညာချက်အမှတ် (၁၉၄/၂၀၂၀) တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု (၁၂) အုပ်စုနှင့် ရွှေကျင်မြို့နယ်မှ ကျေးရွာအုပ်စု (၃၀) အုပ်စုတို့ ပါဝင်ပြီး ကြေညာချက်အမှတ် (၁၉၅/၂၀၂၀) တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ ဘောနော်ခီး ကျေးရွာ အုပ်စုတို့ ပါဝင်သည်။

ကြေညာချက်အမှတ် (၁၉၆/၂၀၂၀)တွင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ် တစ်ခုလုံးကိုလည်းကောင်း၊ ကျောက်ဖြူ မြို့နယ်မှ ရပ်ကွက်(၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စု နှင့် တောင်ကုတ် မြို့နယ်မှ ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု ကိုလည်းကောင်း ထုတ်ပြန် ထားသည်။

ကြေညာချက်အမှတ် (၁၉၇/၂၀၂၀) တွင် ရှမ်းပြည်နယ် မိုင်းလားမြို့နယ်၊ ပန်ဆန်း (ပန်ခမ်း) မြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တစ်ခုလုံးကို လည်းကောင်း၊ ကျောက်မဲမြို့နယ်မှ ကျေးရွာအုပ်စု (၁၂) အုပ်စု၊ နောင်ချိုမြို့နယ်မှ ဆိပ်ဖူး ကျေးရွာအုပ်စု၊ နမ့်ဆန်မြို့နယ်မှ ကျေးရွာအုပ်စု (၃) အုပ်စု၊ မန်တုံမြို့နယ်မှ ကျေးရွာအုပ်စု (၂) အုပ်စု၊ မိုင်းခတ်မြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စု၊ မိုင်းယန်းမြို့နယ်မှ ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃) အုပ်စု၊ မိုင်းဖြတ်မြို့နယ်မှ လုံကောင့်ကျေးရွာအုပ်စု၊ မိုင်းယောင်းမြို့နယ်မှ ကျေးရွာအုပ်စု (၈) အုပ်စု၊ ကွတ်ခိုင်မြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စု၊ မူဆယ်မြို့နယ်မှ ရပ်ကွက် (၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉) အုပ်စု၊ မက်မန်းမြို့နယ်မှကျေးရွာအုပ်စု (၁၇) အုပ်စု၊ မိုင်းတုံမြို့နယ်မှ ကျေးရွာအုပ်စု (၃) အုပ်စု၊ တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု (၁၁) အုပ်စု၊ လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စု (၆) အုပ်စု၊ ကွမ်းလုံမြို့နယ်မှ မန်ပြိန်းကျေးရွာအုပ်စု၊ ကုန်းကြမ်း မြို့နယ်မှ ဟုံအိုက်ကျေးရွာအုပ်စု၊ ဟိုပန်မြို့နယ်မှ ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၇) အုပ်စုကိုလည်းကောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုနိုင်သည့် မြို့နယ်အလိုက် ရပ်ကွက်/ကျေးရွာအုပ်စုအမည်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Website ဖြစ်သော www.uec.gov.mm တွင် အသေးစိတ်ဖော်ပြထားရှိသဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ် 


ရှေ့သို့